သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ လက်တွေ့ အတွေ့အကြုံများအားဖြင့် သင့်ကို ဉာဏ်အလင်းပေးပြီး သင်၏ ယုံကြည်ခြင်းအားဖြင့် သင့်ကို ပြီးပြည့်စုံစေသည်။ သင်သည် ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို ခံဖို့ အမှန်တကယ် လိုလိုလားလား ရှိပါသလား။ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကိုခံဖို့ သင် အမှန်တကယ် လိုလိုလားလားရှိလျှင် သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်၊ မလှုပ်မယှက် ဖြစ်နေမည် မဟုတ်၊ အားနည်းနေမည် မဟုတ်။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်၊ လူရှေ့ သူရှေ့၌သော် လည်းကောင်း၊ သင်တစ်ဦးတည်းရှိသည့် အချိန်၌သော်လည်းကောင်း၊ သင်ပြုသော အပြုအမူများ အားလုံးသည်လည်း ဘုရားသခင် နှစ်သက်ဖွယ် ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး၊ အရာရာ၌ သမ္မာတရားကို ကျင့်ကြံလျှင် ပြီးပြည့်စုံအောင် ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူများနောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သော လိမ်လည် လှည့်ဖြား သူများသည် ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို မခံလိုသောသူများ ဖြစ်သည်။ သူတို့သည် ထာဝရ ပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏ သားများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် ဆိုင်သောသူများ မဟုတ်၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင် ရွေးချယ်သည့် လူမျိုးမဟုတ်။ အကယ်၍ သင့်အပြုအမူများနှင့် အမူအကျင့်များသည် ဘုရားသခင်၏ရှေ့၌ တင်ပြနိုင်သော အရာများ မဟုတ်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော် ကြည့်နိုင်သောအရာများ မဟုတ်လျှင် သင်၌ တစ်ခုခု မှားနေကြောင်းကို ထိုအခြင်းအရာက သက်သေပြနေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို သင်လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲဖို့ အလွန်အရေးကြီးသည်ဟု သတ်မှတ်မှသာ သင်သည် ပြီးပြည့်စုံစေခြင်း ခံရမည့်လမ်းပေါ်၌ ရှိနေနိုင်မည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကိုခံဖို့၊ ဘုရားသခင်၏ အလိုအတိုင်း ဆောင်ရွက်ဖို့ သင်အမှန်တကယ် လိုလိုလားလားရှိလျှင် ငြီးတွားသည့်စကား တစ်ခွန်းမျှ မဟဘဲ၊ ဘုရားသခင် လုပ်သည့် အလုပ်ကို သုံးသပ်ရလောက်အောင် သို့မဟုတ် အကဲဖြတ်ရလောက်အောင် မရဲတင်းဘဲ၊ ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးကို သင်နာခံသင့်သည်။ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို ခံဖို့အတွက် အနည်းဆုံး ထိုအချက်များကို လုပ်ဆောင်ဖို့လိုပါသည်။ ဘုရားသခင်မှ ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို ခံလိုသောသူတို့ လုပ်ဖို့လိုသော လိုအပ်ချက်တစ်ခု ရှိသည်။ ထိုလိုအပ်ချက်မှာ “ဘုရားသခင်ကို ချစ်သော နှလုံးသားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါ” ဟူသည့် အချက် ဖြစ်သည်။ 'ဘုရားသခင်ကို ချစ်သော နှလုံးသားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါ' ဟူသည့် စကား၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ အဘယ်နည်း။ ထိုစကား၏ ဆိုလိုရင်းမှာ 'သင်၏ အပြုအမူများနှင့် အမူအကျင့်များ အားလုံးသည် ဘုရားသခင်၏ ရှေ့၌ တင်ပြနိုင်သော အရာများ ဖြစ်သည်' ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များသည် ဖြောင့်မှန်လျှင် သင်၏ အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်၏ အပြုအမူများကို ဘုရားသခင်၏ ရှေ့၌ (သို့မဟုတ်) သင်၏ ညီအစ်ကို မောင်နှမများရှေ့၌ ဖော်ပြဖို့ မကြောက်ရွံ့၊ သင်သည် ဘုရားသခင်၏ ရှေ့၌ သစ္စာဆိုရဲသည်။ သင်သည် သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်း၊ စိတ်ကူးတိုင်းကို ဘုရားသခင်၏ရှေ့၌ သူ၏စိစစ်ခြင်းအတွက် တင်ပြရမည်၊ သင်သည် ထိုသို့ လက်တွေ့ လုပ်ဆောင်ပြီး ထိုလမ်းကြောင်း ပေါ်၌ နေနိုင်လျှင် သင်၏ အသက်တာ တိုးတက်မှုသည် မြန်လိမ့်မည်။
သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူလုပ်ဆောင်သည့် အလုပ်အားလုံးကို သင်ယုံကြည်ရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်ကို နာခံရမည်။ မနာခံနိုင်လျှင် ဘုရားသခင်ကို သင်ယုံသည်၊ မယုံဘူးဟူသည့် အချက်သည် အရေးမကြီးတော့။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို တစ်ခါမျှ မနာခံဖူးလျှင် (သို့မဟုတ်) သူ၏ နှုတ်ကပတ်တော် အားလုံးကို လက်မခံဖူးဘူးဆိုလျှင်၊ ထိုအစား ဘုရားသခင်အား သင်၏ အကြံအစည်များအတိုင်း ပြုမှုရန်နှင့် သင့်ကို လိုက်လျောရန် တောင်းဆိုမည်ဆိုလျှင် သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ ဖြစ်သည်၊ သင်သည် မယုံကြည်သူ တစ်ဦးပင်ဖြစ်သည်။ ထိုသို့သော သူတစ်ဦးက လူတို့၏ အယူအဆနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်သနည်း။ အပုန်ကန်ဆုံး သူသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်၊ အာခံသူ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူ၊ အန္တိခရစ် ဖြစ်သည်။ ထိုသို့သောသူသည် ဘုရားသခင်၏အမှုသစ်အပေါ် ရန်လိုသော သဘောထားကို အစဉ်တစိုက် ကိုင်စွဲထားပြီး နာခံလိုသည့်သဘော နည်းနည်းလေးမျှမရှိ၊ နာခံလိုစိတ်ကို လိုလိုလားလား တစ်ခါမျှ မပြဖူး၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် တစ်ခါမျှ မနှိမ့်ချဖူးပေ။ သူသည် အခြားလူများရှေ့၌ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်လေ့ရှိပြီး မည်သူ့ကိုမျှ မနာခံဖူးပေ။ ဘုရားသခင်၏ရှေ့၌ သူသည် သူ့ကိုယ်သူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံးသူ၊ အခြားသူများကို ပြုပြင်ရာတွင် အကျွမ်းကျင်ဆုံးသူအဖြစ် သတ်မှတ်လေ့ရှိသည်။ သူသည် လက်ဝယ်ပိုင်ဆိုင်ထားပြီးသော “အဖိုးတန်ရတနာများ” ကို ဘယ်တော့မျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်နှင့် သူ့ကို ဘုရားကဲ့သို့ ကိုးကွယ်ကြသော အရူးများကို သင်ကြားပို့ချရန်အတွက် ထိုပစ္စည်းများကို ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းများအဖြစ် သတ်မှတ်အသုံးပြုသည်။ အသင်းတော်ထဲ၌ ထိုသို့သောသူများမှာ အရေအတွက် အတိုင်းအတာ တစ်ခုအထိရှိသည်။ သူတို့ကို ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယာယီနေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းကြီးများ” ဟုခေါ်နိုင်သည်။ သူတို့သည် နှုတ်ကပတ်တော်များအား (အယူဝါဒ) ဟောပြောခြင်းကို ၎င်းတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးအမြတ်ထားပြီး မချိုးဖောက်အပ်သော” တာဝန်ကို အခြားသူများ လိုက်နာလုပ်ဆောင်အောင် သူတို့သည် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို အာဏာရှင်တစ်ဦးကဲ့သို့ ဆက်ဆံပြီး ပွားများနေကြလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်မိစ္ဆာအဖွဲ့သည် အချင်းချင်းလက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်၊ အသက်ရှင်နေသော ထိုနတ်မိစ္ဆာများကို အဘယ်သို့ ငါ့မျက်စိရှေ့၌ ဆက်လက်နေထိုင်ခွင့် ပေးနိုင်မည်နည်း။ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးရောက်သည်အထိ မလျှောက်လှမ်းနိုင်လျှင် နှလုံးသားထဲ၌ နာခံမှု အနည်းငယ်မျှပင် မရှိသော ထိုအာဏာရှင်များသည် သိပ်ဝေးဝေး လျှောက်လှမ်းနိုင်မည် မဟုတ်။ ဘုရားသခင်၏ အလုပ်ကို လူက အလွယ်တကူ မရရှိနိုင်။ ရှိသမျှ ခွန်အား အားလုံး သုံးလျှင်တောင်မှ လူသည် တစ်စိတ် တစ်ဒေသကိုသာ ရရှိနိုင်မည်ဖြစ်ပြီး အဆုံးရောက်မှ ပြီးပြည့်စုံမှုကို ရရှိမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏ အလုပ်ကို ဖျက်ဆီးဖို့ ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ ဖြစ်လိမ့်မည်နည်း။ ဘုရားသခင် ပိုင်သော သူများဖြစ်ဖို့ မျှော်လင့်ချက်သည် သူတို့၌ သာ၍ပင် နည်းသည် မဟုတ်လော။ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ရာ၌ ငါ၏ရည်ရွယ်ချက်မှာ အောင်နိုင်ဖို့သက်သက်အတွက်သာ သိမ်းပိုက်ရန်မဟုတ်ဘဲ၊ ဖြောင့်မတ်မှုနှင့် မတရားမှုကို ဖော်ပြရန်၊ လူသားကို အပြစ်ဒဏ်ပေးဖို့အတွက် အထောက်အထားရအောင် လုပ်ရန်၊ စဉ်းလဲသောသူများကို စီရင်ချက်ချရန်၊ အထူးသဖြင့် လိုလိုလားလား နာခံသူများကို စုံလင်စေရန်အတွက် သိမ်းပိုက်ရန်ဖြစ်သည်။ အဆုံး၌ အားလုံးသည် အမျိုးအစားအလိုက် ခွဲခြားခြင်း ခံရလိမ့်မည်၊ ပြီးပြည့်စုံအောင် ပြုလုပ်ပေးခြင်း ခံရသူအားလုံး၏ အတွေးအခေါ်၊ အယူအဆများ အားလုံးသည် နာခံမှုနှင့် ပြည့်နေလိမ့်မည်။ ယင်းသည် အဆုံး၌ ပြီးပြည့်စုံမည့် အလုပ်ဖြစ်သည်။ သို့သော် အတွင်း၌ ပုန်ကန်တတ်သော နည်းလမ်းများနှင့် ပြည့်နေသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်၊ မီးထဲ၌ လောင်ကျွမ်းဖို့ ပို့ခြင်းခံရမည်၊ ထာဝရ ကျိန်ခြင်းကို ခံရဖို့ ဖြစ်လိမ့်မည်။ ထိုအချိန်ရောက်လျှင် အတိတ်ခေတ် အဆက်ဆက်မှ “ကြီးမြတ်ပြီး နှိမ်နင်းလို့ မရသည့် သူရဲကောင်းကြီးများ” ဟု သူတို့ကို ခေါ်နိုင်သူများသည် အယုတ်ညံ့ဆုံး၊ အပယ်ခံရဆုံး “အားနည်းပြီး ထိရောက်စွာ မစွမ်းဆောင်နိုင်သည့် ငကြောက်များ” ဖြစ်နေလိမ့်မည်။ ထိုအခြေအနေကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရှုထောင့်တိုင်းမှ သရုပ်ဖော်ပြနိုင်ပြီး၊ လူထံမှ မည်သည့် စော်ကားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပါသည်။ ထိုအခြေအနေကသာလျှင် ငါ့နှလုံးသားထဲမှ အမုန်းကို ဖြေဖျောက် တင်းတိမ်စေနိုင်သည်။ ဤသည်မှာ လုံးဝ ဖြစ်သင့်သည်ဟု သင်တို့ လက်မခံကြဘူးလော။
သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို ကြုံတွေ့ခံစားဖူးသူတိုင်း အသက်ကို ရနိုင်သည် မဟုတ်၊ ထိုစမ်းရေအတွင်း၌ ရှိသော လူများအားလုံး အသက်ကို ရနိုင်သည်မဟုတ်။ အသက်ဆိုသည်မှာ လူသား အားလုံးနှင့်ဆိုင်သော ဘုံပိုင်ပစ္စည်းတစ်ခု မဟုတ်၊ စိတ်သဘောထား ပြောင်းလဲခြင်းသည်လည်း အားလုံး စွမ်းဆောင်နိုင်သည့် အရာတစ်ခုမဟုတ်။ ဘုရားသခင် လုပ်သည့် အလုပ်ကို နာခံခြင်းသည် မြင်နိုင်၊ ထိတွေ့နိုင်သည့် လုပ်ဆောင်မှုဖြစ်ရမည်၊ အသက်တာ၌ လက်တွေ့ လုပ်ဆောင်ရမည့် အရာဖြစ်သည်။ အပေါ်ယံ၌သာ နာခံခြင်းဖြင့် ဘုရားသခင် သဘောကျသည်ကို မခံရနိုင်ပါ၊ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ မကြိုးစားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အပေါ်ယံ၌သာ နာခံရုံဖြင့် ဘုရားသခင်၏ စိတ်ကျေနပ်အောင် လုပ်နိုင်မည် မဟုတ်။ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို နာခံခြင်းသည်၊ တစ်ခုတည်း၊ အတူတူပင် ဖြစ်သည်။ ဘုရားသခင်ကိုသာ နာခံပြီး ဘုရားသခင်လုပ်သည့် အလုပ်ကို မနာခံသူများကို နာခံတတ်သောသူများဟု မမှတ်ယူနိုင်ပါ၊ အပေါ်ယံ၌ ဖားတတ်သော်လည်း အမှန်တကယ် မနာခံသူများကို နာခံတတ်သော သူများဟု ပို၍ပင် မမှတ်ယူနိုင်ပါ။ ဘုရားသခင်ကို အမှန်တကယ် နာခံသူများသည် ဘုရားသခင်၏အလုပ်မှ အကျိုးရရှိနိုင်စွမ်းရှိပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အလုပ်ကို နားလည်နိုင်စွမ်း ရှိသည်။ ထိုသို့သော လူများသာ ဘုရားသခင်ကို အမှန်တကယ် နာခံကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်သစ်မှ အသိဉာဏ်အသစ်ကို ရရှိနိုင်စွမ်းရှိသည်၊ ထိုအလုပ်မှ အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့ခံစားနိုင်စွမ်းရှိသည်။ ထိုသို့သော လူများသည်သာ ဘုရားသခင် သဘောကျသူများ ဖြစ်သည်။ ထိုသို့သော လူသည်သာ စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးသူ၊ မိမိ၏ စိတ်သဘောထား ပြောင်းလဲသွားသူ ဖြစ်သည်။ ဘုရားသခင်ထံမှ လက်ခံမှုကို ရရှိသူများသည် ဘုရားသခင်ကိုသာမက ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ အလုပ်ကိုလည်း ၀မ်းမြောက်စွာနာခံသူများဖြစ်သည်။ ထိုသို့သော လူသာလျှင် အမှန်တရား၌ တည်သူဖြစ်သည်။ ထိုသို့သော လူသာလျှင် ဘုရားသခင်ကို စိတ်ရင်းဖြင့် နှစ်သက်သူ၊ ဘုရားသခင်ကို စိတ်ရင်းဖြင့် ရှာဖွေသူ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု နှုတ်ဖြင့်ပြောပြီး လက်တွေ့တွင် ဘုရားသခင်ကို ကျိန်ဆဲသူများသည် ကိုယ့်မျက်နှာကိုကိုယ် မျက်နှာဖုံး စွပ်ထားသူများ၊ မြွေဆိုးများ၏ အဆိပ်ရှိသူများ၊ သစ္စာမရှိဆုံး လူများဖြစ်သည်။ ထိုလူလိမ် လူညစ်များသည် အနှေးနှင့်အမြန် ၎င်းတို့၏ မသတီစရာ မျက်နှာဖုံးများ ဖယ်ရှားခြင်း ခံရလိမ့်မည်။ ယနေ့ လုပ်ဆောင်လျက်ရှိသော အလုပ်သည် ထိုအလုပ် မဟုတ်ပါလော။ မတရားသော လူများသည် အစဉ် မတရားသောသူများ ဖြစ်နေမည်ဖြစ်ပြီး၊ အပြစ်ဒဏ်ပေးသည့် နေ့နှင့် ဘယ်တော့မှ လွတ်မည် မဟုတ်။ လူကောင်းများသည် အစဉ် လူကောင်းများ ဖြစ်နေမည်ဖြစ်ပြီး၊ အလုပ်ပြီးသောအခါ၌ ဖော်ပြခြင်းခံရမည့် သူများ ဖြစ်သည်။ မတရားသောသူ တစ်ယောက်မျှ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်၊ ဖြောင့်မတ်သောသူ တစ်ယောက်မျှ မတရားသောသူဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်။ ငါသည် လူတစ်ယောက်ကိုမျှ မတရား စွပ်စွဲခြင်း ခံစေမည် မဟုတ်။
သင်သည် အသက်တာ၌ ဆက်လက် လျှောက်လှမ်းသောအခါ အသစ်သော နေရာသို့ ဝင်ရောက်ပြီး၊ ခြေလှမ်းတိုင်း၌ ပို၍ နက်ရှိုင်းစွာ ကြီးထွားတတ်သည့် သာ၍ အဆင့်မြင့်သော ထိုးထွင်း နားလည်မှုအသစ်ကို အမြဲ ရရမည်။ ဤအဆင့်သည် လူသားအားလုံး ဝင်ရောက်သင့်သည့် အဆင့်ဖြစ်သည်။ ရင်းနှီးစွာ ဆက်ဆံခြင်း၊ တရားဒေသနာ ကြားနာခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း (သို့မဟုတ်) ကိစ္စတစ်ခုကို ကိုင်တွယ် ဖြေရှင်းခြင်းအားဖြင့် သင်သည် ထိုးထွင်းနားလည် နိုင်စွမ်းအသစ်နှင့် ဉာဏ်အလင်း အသစ်တို့ကို ရလိမ့်မည်။ စည်းကမ်းအဟောင်းများနှင့် အတိတ်က စည်းကမ်းများထဲ၌ သင်နေလိမ့်မည် မဟုတ်။ သင်သည် အလင်းသစ်ထဲ၌ အမြဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သွေဖည်သွားလိမ့်မည် မဟုတ်။ ထိုသို့ဖြစ်ခြင်းကို မှန်သောလမ်းပေါ်၌ နေခြင်းဟု ခေါ်သည်။ အပေါ်ယံ၌ အဖိုးအခပေးရုံဖြင့် လုံလောက် လိမ့်မည်မဟုတ်။ တစ်နေ့ပြီး တစ်နေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သာ၍မြင့်သောဘုံသို့ ဝင်ရောက်နေပြီး အသစ်သော အရာများလည်း နေ့တိုင်း ဖြစ်ပေါ်လေ့ရှိသည်။ လူသည်လည်း နေ့တိုင်း နေရာအသစ်တစ်ခုသို့ ဝင်ရောက်ဖို့လိုသည်။ ဘုရားသခင် စကားပြောသောအခါ၌ သူသည် အရင်က ပြောခဲ့သမျှ အားလုံးကို အကောင်အထည်ဖော်သည်၊ သင်သည် အမီ မလိုက်နိုင်လျှင် နောက်၌ ကျန်ခဲ့မည် ဖြစ်သည်။ သင်သည် ဆုတောင်းချက်များ၌ သာ၍နက်ရှိုင်းစွာ သွားရမည်၊ ဘုရားသခင်၏ နှုတ်ထွက်စကားကို စားသောက်ခြင်းမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်၍မရနိုင်။ သင်လက်ခံရရှိသော ဉာဏ်ပွင့်ခြင်းနှင့် အလင်းရခြင်းတို့ကို ပိုမိုနက်ရှိုင်းအောင် လုပ်ရမည်ဖြစ်ပြီး သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားရမည်။ သင်၏ သုံးသပ် အကဲဖြတ်နိုင်စွမ်းကိုလည်း ပို၍အားကောင်းအောင် လုပ်ရမည့်အပြင် သင်တွေ့ကြုံသမျှ၌ ယင်းနှင့်ပတ်သက်သော သင်၏ ကိုယ်ပိုင်အတွေးများနှင့် ကိုယ်ပိုင်အမြင်ရှုထောင့်များ ရှိရမည်။ စိတ်ထဲ၌ရှိသော အချို့အရာများကို နားလည်ခြင်းအားဖြင့် အပြင်ပန်းရှိ အရာများကို ထိုးထွင်းနားလည်ရမည်ဖြစ်ပြီး ဘယ်ကိစ္စ၌မဆို အဓိကအချက်ကို နားလည်ရမည်။ သင်သည် မိမိခန္ဓာကိုယ်၌ ထိုအရာများ ယူတင် ဝတ်ဆောင်ထားခြင်း မရှိပါက အသင်းတော်ကို သင်မည်သို့ ဦးဆောင် နိုင်မည်နည်း။ သင်သည် စစ်မှန်မှု တစ်ခုမျှ မရှိဘဲနှင့်၊ လက်တွေ့ လုပ်ဆောင်နည်း တစ်နည်းမျှမပါဘဲနှင့် ကျမ်းဟောင်းတရားများနှင့် ဘာသာရေး အယူဝါဒများကိုသာ ပြောဆိုလျှင် အချိန်ခဏသာ ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်။ ယင်းသည် ယုံကြည်သူအသစ်များကို စကားပြောသောအခါ၌ အနည်းငယ် လက်ခံနိုင်သောအရာ ဖြစ်သော်လည်း အချိန်အတိုင်းအတာ တစ်ခုသို့ ရောက်လျှင်၊ ယုံကြည်သူအသစ်များ တကယ့် အတွေ့အကြုံအချို့ ရှိလာသောအခါ၊ သင်သည် သူတို့ကို ကူညီထောက်ပံ့ နိုင်တော့မည်မဟုတ်။ ထိုအခါ သင်သည် ဘုရားသခင် အသုံးပြုသည်ကို ခံဖို့အတွက် သင့်တော်သောသူ မည်သို့ ဖြစ်မည်နည်း။ ဉာဏ်အလင်းအသစ် မရရှိလျှင် သင်သည် အလုပ်မလုပ်နိုင်ပါ။ ဉာဏ်အလင်းအသစ် မရရှိသူများသည် မည်သို့ အတွေ့အကြုံရအောင် လုပ်ရမည်ကို မသိသူများဖြစ်သည်၊ ထိုသို့သော လူများသည် အသိဉာဏ်အသစ် (သို့မဟုတ်) အတွေ့အကြုံအသစ်ကို ဘယ်တော့မျှ မရပေ။ အသက်ကိုပေးသည့် ကိစ္စတွင်လည်း သူတို့သည် သူတို့၏ အလုပ်ကို ဘယ်တော့မျှ မလုပ်နိုင်ကြ၊ ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သော သူများ မဖြစ်နိုင်ကြ။ ထိုသို့သော လူသည် ဘာအတွက်မျှ အသုံးမဝင်သောသူ ဖြစ်သည်၊ အလဟဿ ဖြုန်းတီးတတ်သူ တစ်ဦးသာ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်အတွက် သူတို့ လုပ်ရမည့်ကဏ္ဍကို လုပ်နိုင်စွမ်းမရှိ၊ ဘာအတွက်မျှ အသုံးမဝင်သောသူများဖြစ်သည်။ သူတို့သည် သူတို့၏ အလုပ်ကိုလုပ်ရန် ပျက်ကွက်သည့် အပြင် တကယ့် တကယ်တမ်းတွင် သူတို့သည် အသင်းတော်ကို မလိုအပ်ဘဲ ဝန်ပိုစေသည်။ “ကြည်ညို လေးမြတ်ဖွယ်ရာ ထိုလူဟောင်းများ” ကို အသင်းတော်မှ မြန်မြန် ထွက်ခွာဖို့ ငါတိုက်တွန်းပါသည်၊ သို့မှသာ အခြားသောသူများက သူတို့အား ဆက်လက်ကြည့်ရှုရန် လိုအပ်တော့မည်မဟုတ်ပါ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်သစ်ကို လုံးဝ နားမလည်၊ အဆုံး မရှိသော အယူအဆများနှင့်သာ ပြည့်နေသူများ ဖြစ်သည်။ အသင်းတော်၌ သူတို့သည် ဘာအလုပ်မျှ မလုပ်ဘဲ ထိခိုက်နစ်နာမှုများ ဖြစ်စေကာ နေရာအနှံ့ အပျက်သဘောဆောင်သော သဘောထားများ ပျံ့နှံ့စေသည်၊ အသင်းတော်၌ လက်မခံနိုင်သော အပြုအမူနှင့် အနှောင့်အယှက်မျိုးစုံကိုပင် ဖြစ်စေပြီး အဆိုးနှင့် အကောင်း ခွဲခြားနိုင်စွမ်း မရှိသူများကို ဇဝေဇဝါ၊ ဖရိုဖရဲ ဖြစ်စေသည်။ အသက်ရှင်လျက်ရှိသော ထိုနတ်မိစ္ဆာများ၊ ထိုနတ်ဆိုးများသည် ဖြစ်နိုင်သမျှ မြန်မြန် အသင်းတော်မှ ထွက်သွားသင့်သည်။ သို့မဟုတ်လျှင် သင့်ကြောင့် အသင်းတော် တိုးပွားမှု တန့်မှာကို စိုးရိမ်ရသည်။ သင်သည် ယနေ့ လုပ်သောအလုပ်ကို ကြောက်ရွံ့ချင်မှ ကြောက်ရွံ့မည်ဖြစ်သော်လည်း နက်ဖြန်နေ့၌ ရောက်လာမည့် တရားသော အပြစ်ပေးခြင်းကို သင်မကြောက်ရွံ့ဘူးလော။ အသင်းတော်၌ သူများ၏ စေတနာပေါ် အခွင့်ကောင်း ယူတတ်သောသူများ အမြောက်အများရှိသည်၊ ဘုရားသခင် ပုံမှန်လုပ်နေသည့် အလုပ်ကို နှောင့်ယှက်တားဆီးဖို့ ကြိုးစားသော ဝံပုလွေများလည်း များစွာရှိသည်။ ထိုအရာများအားလုံးသည် မာရ်နတ် စေလွှတ်လိုက်သော နတ်ဆိုးများ၊ သတိလက်လွတ်တတ်သော သိုးများကို ဝါးမျိုရန် ရှာဖွေနေသည့် ဆိုးယုတ်သော ဝံပုလွေများ ဖြစ်ကြသည်။ “လူ” ဟုခေါ်ကြသော ထိုသူတို့ကို မနှင်ထုတ်လျှင် သူတို့သည် အသင်းတော်အပေါ်၌ ကပ်ပါးကောင်များ၊ ပေးလှူထားသော အရာများကို အငမ်းမရ ဝါးမျိုသူများ ဖြစ်လာလေ့ရှိသည်။ အထင်သေးစရာ ကောင်းသော၊ ပညာမဲ့သော၊ ယုတ်ညံ့သော၊ ရွံရှာဖွယ်ကောင်းသော ထိုလောက်ကောင်များသည် တစ်နေ့ အပြစ်ပေးခြင်း ခံရပေလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
ဆောင်းပါး မူလရင်းမြစ်နေရာ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်

No comments:
Post a Comment